မဟာအောင်မြေ စက်တင်ဘာ ၁၃
အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mdy)တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ (၁၃)ရက်နေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူးယစ်သမိုင်းကြောင်းကို အသင်း၏ အလုပ်အမှုဆောင်ဦးဝင်းမင်းလှိုင်က ဟောပြောကာ မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးအန္တရာယ်ကိုအတွင်းရေးမှူး ဦးမြင့်သန်းက ဟောပြောခဲ့သည်။
ဆက်လက်ပြီး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်(၅)ရပ်ကို ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသူ ကျောင်းသား/သူများအား တွဲဖက်အတွင်းရေးမှူး ဦးသန့်ဇင်ဦးနှင့် ဒေါ်သင်းသင်းဦးက အသိပညာပေးမေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်ပစ္စည်းချီးမြှင့်ခဲ့ကြောင်း၊ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
အောင်ဇော်မင်း