ဒလ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်သီတာဝင်းက သင်တန်း (၃) ရက်တာ ကာလအတွင်း စာကြည့်တိုက်ဆိုင်ရာ သင်ခန်းစာတွင် ပါရှိသည့် စာအုပ်များစုဆောင်းခြင်း၊ အမျိုးအစားများခွဲခြင်း၊ စာရင်းများရေးသွင်းခြင်း၊ စာအုပ်စာစောင်များ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းစသည့် သင်ခန်းစာများကို သင်တန်းကာလတလျောက် တက်ရောက်လာကြသော ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမကြီးများအနေဖြင့် စိတ်ပါဝင်စားစွာ သိရှိလိုသည်များကို မေးမြန်းခြင်း၊ လက်ရှိဆောင်ရွက်နေသောအကြောင်းအရာများနှင့် ဆက်စပ်ပြီး ဆွေးနွေးခြင်းများကို စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး ပြုလုပ်ခဲ့ကြသည့်အတွက် ကျေနပ်မိပါကြောင်း၊ သင်တန်းမှရရှိသော စာကြည့်တိုက်ဆိုင်ရာ လက်တွေ့လုပ်ဆောင်ရမည်များကို မိမိတို့ကျောင်းစာကြည့်တိုက်တွင် သင်ကြားပို့ချထားသည့်အတိုင်း ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
သင်တန်းကို စက်တင်ဘာ ၁၁ ရက်နှင့် ၁၃ ရက်နေ့အထိ သုံးရက်ကြာ သင်ကြားဖွင့်လှစ်ခဲ့ရာ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ကျောင်းအုပ်ဆရာမ စုစုပေါင်း (၆၆) ဦး တက်ရောက်ခဲ့ကြသည်။
အေးမြမိုး (ပြန်/ဆက်)