ထန်းတပင် စက်တင်ဘာလ ၁၃
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိနားလည်ရှောင်ရှားနိုင်ရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(ထန်းတပင်)ကျောင်းမှ ဆရာမဒေါ်အေးအေးအောင်က ပြိုင်ပွဲစည်းကမ်းချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၃၁)ဦးနှင့် ပန်းချီပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၅)စုစုပေါင်း ပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူ(၅၆)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပြီး ပြိုင်ပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြသလို အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်