ရမည်းသင်း စက်တင်ဘာ ၁၃
ရမည်းသင်းမြို့နယ်၌ စက်တင်ဘာလ ၁၀ ရက်မှစ၍ ယနေ့ထိ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် စက်တင်ဘာ ၁၁ ရက်နံနက်၂ နာရီအချိန်ကစ၍ မြို့ပေါ်ရပ်ကွက်ကြီး ရွှေစည်းခုံရပ်ကွက်၊ ဗမကကျောင်းတိုက်စုရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ ဝါတိုးရပ်ကွက်၊ ကြည်တော် ကုန်းရပ်ကွက်နှင့် ကျေးရွာများအတွင်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု(၄၀)မှ ရပ်ကွက်ကျေးရွာပေါင်း(၉၃)ရွာရှိ အိမ်ထောင် စု (၁၅၁၁၃)စုမှ ရေဘေးသင့်အမျိုးသား (၂၃၉၉၅) ဦး၊ အမျိုးသမီး(၂၉၉၇၇)ဦး၊ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးသည့်နေအိမ် (၂၀၁၅၅) လုံးရေဘေးသင့်ပျက်စီးခဲ့သည်။
အဆိုပါ ရေကြီးခြင်းကြောင့် ဆည်ကြီးကျေးရွာ အမျိုးသားတစ်ဦး၊ ညောင်အိုင်ရွာ အမျိုးသမီးတစ်ဦး၊ ကံသာအေးရွာအမျိုးသားနှစ်ဦး၊ အမျိုးသမီး(၄)ဦး၊ ရွှေနန်းပေါ်ရွာ အမျိုးသမီးတစ်ဦးနှင့် ချောင်းဖျားရွာ အမျိုးသမီးတစ်ဦးစုစုပေါင်း(၁၀)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ရမည်းသင်းမြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးရှောင်စခန်းများသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)