ပေါင် စက်တင်ဘာ ၁၃
မွန်ပြည်နယ် ပေါင်မြို့နယ်၌ အမှတ် (၁) ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက (အ.ထ.က) ပေါင် ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှုး ဦးမင်းညွန့်တင်က အမှာစကားပြောကြားပြီး အမှတ် (၁) ပညာရေးငွေစုငွေချေးအသင်းဥက္ကဋ္ဌ ဦးမင်းညွှန့်တင်၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်သင်းသင်းယုနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမြင့်အောင် သမဝါယမအသင်း၏ ငွေစုငွေချေးလုပ်ငန်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာဖတ်ကြားခြင်းနှင့် အသင်းသားများ၏ သားသမီးများ ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၃) ဦးအား (၁) ဦးလျှင် (၅၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ တစ်ဘာသာဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူ (၂) ဦးအား တစ်ဦးလျှင် (၁၀၀၀၀၀) ကျပ်စီဖြင့် ဆုချီးမြှင့်ပေးကာ စုဆောင်းငွေအများဆုံးအသင်းသား (၃) ဦးကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)