လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရဲမွန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကျင်းပ

လှည်းကူး စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရဲမွန်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရဲမွန်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူးဒေါ်မြတ်မြတ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်ကလူငယ်များ အသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များတိုးပွားစေရန်၊ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှည်းကူးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးနွဲ့နှင့် အ.ထ.က(ခွဲ)ရဲမွန်မှ လက်ထောက်မူလတန်းပြ ဆရာမဒေါ်ရှိန်းထက်ထက်ဦးတို့က ညှိနှိုင်းရေးမှူး(Moderator)အဖြစ် ဆောင်ရွက်၍ အ.ထ.က(ခွဲ)ရဲမွန်မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-11 မှ မောင်အောင်ဘုန်းမြတ်က လူငယ်နှင့်ပညာရေး၊ Grade-12 မှ မခိုင်သဇင်က လူငယ်နှင့်စာပေ၊ Grade-10 မှ မသီရိရွှေစင်က လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-12 မှ မောင်အောင်သက်ပိုင်က လူငယ်နှင့်နည်းပညာ၊ Grade-12 မှမောင်သက်နိုင်ထွေးက လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ Grade-12 မှ မောင်ချစ်ထူးက လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများကလည်း မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများကဖြေကြားခဲ့ပြီး အ.ထ.က(ခွဲ)ရဲမွန်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သူဇာစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် သုတ/ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ပြီး အခမ်းအနားသို့ ခရိုင်ပညာရေးမှူးဒေါ်မြတ်မြတ်ထွေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးနွဲ့နှင့်ဝန်ထမ်းများ၊ အ.ထ.က(ခွဲ)ရဲမွန်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်း(၁၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)