ပေါင် စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက်ကျောင်း၌ ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ် ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် ဥပဒေဆိုင်ရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ဇင်းကျိုက်မြို့မစခန်းမှူး ရဲအုပ်သိန်းနိုင်ဝင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ဒုရဲအုပ်ထွန်းနောင်နောင်က လူကုန်ကူးမှု၏ဆိုးကျိုးများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အကျယ်တစ်ဝင့်ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးသံမရောင်းက အထက်ပါဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ တစ်ဆက်တည်းမှာပင် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)