တပ်ကုန်းမြို့နယ် ရေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေနှင့် ပစ္စည်းများလှူဒါန်းခြင်းအခမ်းအနား ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းပြီး နဝင်းချောင်း ရေပြည့်ရေကျော်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေနှင့် ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် MSME ဥက္ကဋ္ဌ၊ ကုန်သည်လုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ထာဝရဝိန့်စိန်ရတနာရွှေဆိုင်မိသားစုမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့် ငွေကျပ် ၉၀ သိန်းကို လက်ခံယူ၍လည်းကောင်း၊ မေတ္တာရိပ်လူမှုကူညီရေးအသင်းနှင့် သုခဘုံလူမှုကူညီရေးအသင်းအတွက်ငွေကျပ် ၃၀ သိန်းစီကို သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံယူ၍လည်းကောင်း၊ နေပြည်တော် စားသုံးဆီလုပ်ငန်းရှင်များအသင်း၊ MSME အသင်းဝင် အိမ်ရှင်မလင်းစိန်တို့မှ လှူဒါန်းသည့် ဆေးဝါး၊ စားအုန်းဆီ၊ ဆန်၊ ကြက်ဥ၊ ရေသောက်သန့်၊ အဝတ်အစားများကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းတို့က လက်ခံယူခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အတူ ရေဘေးသင့်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်  ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး၊ မားမားခေါက်ဆွဲခြောက်များ ထောက်ပံ့၍ လည်းကောင်း၊ တပ်ကုန်းခုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ရေဝင်ရောက်၍ ​ကျန်ရစ်သော နုန်းအညစ်အကြေးများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ သန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှုအားပေး၍လည်းကောင်း၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ချမ်းမြေ့မြိုင်ဓမ္မရိပ်သာ ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး၊ ဘဒ္ဒန္တသိဟဉာဏ ဆရာတော်ထံ နဝကမ္မငွေနှင့် မားမားခေါက်ဆွဲခြောက် ဆက်ကပ်လှူဒါန်း၍လည်းကောင်း၊ ငွေတောင်တောရပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး၊ ဘဒ္ဒန္တသောမန ဆရာတော်ထံ နဝကမ္မငွေနှင့်မာမာခေါက်ဆွဲခြောက် ဆက်ကပ်လှူဒါန်း၍လည်းကောင်း၊ ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး၊ ဘဒ္ဒန္တဝဏ္ဏရဟ ဆရာတော်ထံ နဝကမ္မငွေနှင့် မားမားခေါက်ဆွဲခြောက် ဆက်ကပ်လှူဒါန်း၍ ရေဘေးသင့်ပြည်သူများ၏ စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်