ကျိုက်ထိုမြို့နယ်တွင် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီရောဂါ ရှာဖွေကုသပေး

ကျိုက်ထို စက်တင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ရဟန်းရှင်လူပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီ ရောဂါရှာဖွေကုသခြင်းအား ယမန်နေ့ နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ဘောဂနာအရှေ့ပိုင်းဓမ္မာရုံ၌ စစ်ဆေးကုသပေးခဲ့သည်။

ယင်းသို့ အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာ တီဘီရောဂါရှာဖွေကုသရာတွင် မော်လမြိုင်ဆေးရုံကြီး တီဘီရောဂါကုသရေးဌာနမှ ဒေါက်တာတင်ကိုကိုထွေးဦးစီး၍ ကျန်းမာရေးဝန်ထမ်းများက သံဃာတော်နှင့်၊ ပြည်သူများအား ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ လိုအပ်သည့် သောက်ဆေးများ ပေးဝေခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နယ်လှည့်တီဘီရောဂါစစ်ဆေးကုသပေးခြင်းကို ကျိုက်ထိုမြို့နယ်အတွင်း၌ စက်တင်ဘာ ၁၂ ရက်နေ့မှ စက်တင်ဘာ ၁၆ ရက်နေ့ အထိ (၅) ရက်ကြာ ရပ်ကွက်ကျေးရွာများတွင် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်၍ ရင်ခေါင်းတီဘီရောဂါရှာဖွေကုသခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝင်းမောင်