လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာ ကျေးရွာ ၁၅ ရွာတွင် မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်

လယ်ဝေး စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာ ၁၅ ရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနှင့် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်​ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက လူအင်အား၊ စက်လှေများဖြင့် ရေဘေးရှောင်စခန်းများသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရေသန့်နှင့် ထမင်းထုပ်များ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကွမ်းခြံ၊  ရုံးပင်၊ ဗွက်ကြီးရိုး၊ ရေကာ၊ သဖန်းပင်၊ သစ်ကြိမ်း၊ ဗောဓိကုန်း၊ ကြို့တန်း၊ သစ်ခေါက်ခွ၊ ပေါက်မြိုင်၊ ဟေမာန်၊ ဘို့ကိုးလုံး၊ ညောင်ပင်အိုင်၊ ရေနီလေး၊ လေးကသိန်းစသည့် ကျေးရွာများရှိ အိမ်ထောင်စု ၂၄၈၄ စု၊ လူဦးရေ ၁၀၄၉၅ ဦးတို့အား ရေဘေးရှောင်စခန်း ၁၀ ခုတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)