ဇမ္ဗူသီရိ စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်အရှေ့၌ ပြောဆိုဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်းအလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ရီက လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအတွက် ကောင်းကျိုးရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပစ္စုပ္ပန်ကောင်းကျိုးနှင့် နောင်အနာဂတ်ကောင်းကျိုးတို့ များစွာရရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီလာစိုးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade-12(A) ကျောင်းသား မောင်သွန်းကုဋေစိုးမှ “လူငယ်နှင့်ယဉ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(B)ကျောင်းသူ မသဲနုရွှေရည်မှ “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မစုသန္တာလင်းမှ “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 12(A) ကျောင်းသူ မလဝန်းအိမ်က “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးချက်များအပေါ် သိလိုသည်များကိုမေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်း၊ ဦးဆောင်ဆွေးနွေးပေးသူများမှလည်း မေးမြန်းသည့်အချက်များကို ပိုမိုပြည့်စုံစေရန် ပြန်လည်ဖြည့်စွက် ဖြေကြားဆွေးနွေးပေးခြင်းတို့ဖြင့် စကားဝိုင်းတွင် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(၇)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်သူရဦး(ပြန်/ဆက်)