ပုဗ္ဗသီရိမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီထောက်ပံ့ရေး ဆောင်ရွက်

ပုဗ္ဗသီရိ စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ ဆင်သေချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ရေဘေးသင့်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၅၉၅)တို့မှ ရေဘေးသင့်ပြည်သူ (၁၅၂၀၁)ဦးတို့အား  မရှိခဏဘုရား(မြို့မ)၊ ချောင်းမကြီးကျောင်း(မြို့မ)၊ မြို့မကျောင်း(ကျည်တောင်ကန်)၊ မှန်ကျောင်း(ကျည်တောင်ကန်)၊ တိုက်သစ်ကျောင်း(ကျည်တောင်ကန်)၊ ဈေးကုန်းကျောင်း (ကျည်တောင်ကန်)၊ ဉာဏဂုဏ်ရည် (ဖြုတ်ခွဲ)၊ ဖြုတ်ကုန်း(ဖြုတ်ခွဲ)၊ ကြံတဲစု(ဖြုတ်ခွဲ)၊ ကျောင်းကုန်း(ဖြုတ်ခွဲ)၊ ဥပ္ပါတသန္တိဘုရားကြီး(ဓမ္မာရုံ)၊ တပေါင်းကွင်း(အေးမြင့်သာယာ)၊ ဇေယျာအောင်ဘုရားကိုးဆူကျောင်း၊ မနှင်းဆီတောရ (အေးမြင့်သာယာ)၊ ရွှေဗျိုင်းအင်း(အေးမြင့်သာယာ)၊ သပြေတန်းဓမ္မာရုံ(အေးမြင့်သာယာ)၊ သပြေတောင်(အေးမြင့်သာယာ) ကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက အားပေးစကားများပြောကြားပြီး လိုအပ်သည့် ဆေးဝါးများ စိစစ်ဆောင်ရွက်၍ မာမာခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့ကြောင်းသိရပြီး စေတနာရှင်ပြည်သူများကလည်း ထမင်းထုပ်၊ ရေသန့်၊ အလှူငွေများ လှူဒါန်းခြင်း၊ ခုတင်(၅၀) ဆံ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများမှလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)