နမ့်စန်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နမ့်စန်(တ) စက်တင်ဘာ ၁၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယနေ့ နံနက်  ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အထက-ခွဲ (၅ရပ်ကွက်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က  လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အ.ထ.က-ခွဲ(၅ရပ်ကွက်)မှ ကျောင်းသား၊ ကျောင်းသူ (၅)ဦးက ဆွေးနွေးရာတွင် မယွန်းလဲ့ဝေက “ကာယဗလ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်လင်းထက်ကိုကိုက “ဉာဏဗလ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပိုင်သက်မင်းက “စာရိတ္တဗလ”ဖြင့်လည်းကောင်း၊ မအိမ့်ဆည်းလည်းက “မိတ္တဗလ”နှင့် မောင်ကောင်းခန့်ဇန်က “ဘောဂဗလ”စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အ.ထ.က-ခွဲ(၅ရပ်ကွက်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)