နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီထောက်ပံ့ရေး ဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်း၍ နဝင်းချောင်း ရေပြည့်ရေကျော်သဖြင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့က အနီးကပ်ကြီးကြပ်၍ တိုင်း၊ ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များက ရေဝင်ရောက်သော ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာ ၁၁ ရွာမှ ရေဘေးသင့်ပြည်သူများကို ယနေ့နံနက်ပိုင်းထိ လူအင်အား၊ စက်လှေများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစပီလီဖရန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက အားပေးစကားများပြောကြားပြီး လိုအပ်သည့်ဆေးဝါးများ စိစစ်ဆောင်ရွက်၍ မာမာခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့ကြောင်း သိရပြီး စေတနာရှင်ပြည်သူများကလည်း ထမင်းထုပ်၊ ရေသန့်၊ မုန့်ပဲသရေစာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်