တံတားဦး စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံမျိုးစုံဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း (၄၅၆၉၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက ဆီထွက်သီးနှံ ဖူလုံပိုလျှံရေးအတွက် မြေပဲသီးနှံ(၁၅၇၁)ဧက၊ နှမ်းသီးနှံ (၄၁၁၇၆)ဧကနှင့် နေကြာသီးနှံ(၂၉၄၇)ဧက စုစုပေါင်း(၄၅၆၉၄)ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ယခုနှစ်မိုးဦးကာလဇွန်လမှ စတင်စိုက်ပျိုးကြရာ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
“ယခုနှစ်မိုးဦးကာလတွင် တံတားဦးမြို့နယ်အနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာဆီထွက် သီးနှံမျိုးစုံစိုက်ပျိုးခြင်းကို ဆောင်ရွက်ကြရာ ဇွန်လမှစတင်၍ စိုက်ပျိုးကြပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများစနစ်တကျမှန်ကန်ရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေးနှင့် ပေါင်းမြက်ကင်းရှင်းရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို နယ်မြေအလိုက် စိုက်ပျိုးရေးတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြပါတယ်” လို့ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက ပြောကြားသည်။
ယခုနှစ် မိုးဦးကာလ ဆီထွက်သီးနှံစိုက် ဒေသခံတောင်သူများသည် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် အလေအလွင့်ဆုံးရှုံးမှု မရှိရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)