ရန်ကုန် စက်တင်ဘာ ၁၂
၂၀၂၄ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့(ကမ္ဘာ့ဆေးရွက်ကြီးမသုံးစွဲသောနေ့)အထိမ်းအမှတ်ဆွေးနွေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန(ဗဟန်း) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ဆွေးနွေးပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
“နောက်ပိုင်းလူငယ်တွေက ဆေးလိပ်သောက်ခြင်း၊ Vape တွေ လည်ပင်းမှာဆွဲထားတယ်ဆိုရင် ဒါတွေကသူတို့အတွက် ပစ္စည်းတစ်ခုလိုသတ်မှတ်လာတဲ့အခါမှာ စိန်ခေါ်မှုအသစ်တစ်ခုဖြစ်လာပါတယ်။ အသက် ၁၈ နှစ် မပြည့်တဲ့သူတွေကို ဆေးလိပ်ရောင်းခြင်းမပြုဖို့၊ ကျောင်းပရ၀ုဏ်တွေရဲ့ ပေ ၁၀၀ အတွင်းမှာ ဆေးလိပ်ရောင်းချခြင်းမပြုဖို့ တားမြစ်ထားပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးကျန်းမာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနဲ့အတူ ကျန်တဲ့မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သောက်သုံးဖို့ကိုထိန်းချုပ်ရေးလုပ်ငန်းတွေမှာ လူငယ်ကိုယ်တိုင်ပါဝင်ဖို့အတွက်လည်း အခွင့်အလမ်းတွေ ဖန်တီးဖို့လိုအပ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။
ယင်းနောက် အီးစီးကရက် E-Cigaretteနှင့်လူငယ်အကြောင်းခေါင်းစဉ်ဖြင့် ပါမောက္ခဒေါက်တာမြင့်ဟန်က ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှဆွေးနွေးခြင်း၊ အမေးအဖြေများပြုလုပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့(ကမ္ဘာ့ဆေးရွက်ကြီး မသုံးစွဲသောနေ့)အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ "Protecting Children From Tobacco Industry Interference" ဖြစ်ပြီး မြန်မာဘာသာဖြင့် “ဆေးလိပ်ဆေးရွက်ကြီး လွှမ်းမိုးမှု အန္တရာယ် သတိပြုကာကွယ် တို့လူငယ်” ဖြစ်ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)