သထုံ စက်တင်ဘာ ၁၂
သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဉာဏစွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ သထုံမြို့ မူလတန်းကြိုကျောင်းမှ ကလေးငယ်များက အကြီးတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အဖွဲ့အလိုက်သီချင်းဆိုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အငယ်တန်းအဆင့် မူကြိုကလေးငယ်များက "အမှိုက်ကောက်" တေးသီချင်းများဖြင့် ဖျော်ဖြေကြကာ တာဝန်ရှိသူတို့က အကဲဖြတ်အမှတ်ပေးဆုရွေးချယ်ပေးခဲ့ကြသည်။
ယင်းနောက် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးအားပြုလုပ်ရာ သထုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက အမှာစကားပြောကြားပြီး တာဝန်ရှိသူတို့က မိဘဆရာအသင်း အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဆောင်ရွက်ချက်များနှင့် ငွေစာရင်းရှင်းတမ်းတို့ကိုဖတ်ကြားပေးခဲ့ကြကာ မိဘဆရာအသင်း အမှုဆောင်အဖွဲ့သစ် ပြန်လည်ဖွဲ့စည်း၍ အကြံပြုချက်များရယူခဲ့ကြသည်။
အခမ်းအနားသို့ သထုံခရိုင် လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများ၊ သထုံမူလတန်းကြိုကျောင်း၏ မိဘဆရာအသင်း အလုပ်အမှုဆောင်များ၊ မူကြိုကလေးငယ်တို့၏ မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)