ဒလမြို့နယ်၌ အခြေခံပညာကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်

ဒလ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အခြေခံပညာကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းကအဖွင့်အမှာစကား‌ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးမှ စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းမှ စာကြည့်တိုက်ဆိုင်ရာစီမံခန့်ခွဲနည်း၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစုခွဲနည်း၊ လက်တွေ့စာအုပ်များ အမျိုးအစားခွဲခြင်း၊ စာအုပ်စာစောင်စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း စသည့်စာကြည့်တိုက်လုပ်ငန်းဆိုင်ရာသင်ခန်းစာများကို သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ သုံးရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများမှ  ကျောင်းအုပ်ဆရာ၊ ဆရာမ  (၆၆) ဦး တက်ရောက်ခဲ့ကြသည်။

အေးမြမိုး(ပြန်/ဆက် )