ပျဉ်းမနား စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှစတင်၍ မိုးများ အဆက်မပြတ် ရွာသွန်းခဲ့သည့်အတွက် ပျဉ်းမနားမြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်း၊ ပျဉ်းမနားမြို့ အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းမြစ်ဘေး အနိမ့်ပိုင်းတွင်နေထိုင်ကြသည့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အတွက် အိမ်ထောင်စု (၃၅၉၅)စုတို့မှ လူဦးရေ (၁၅၂၀၁)တို့အား ရေဘေးလွတ်ကင်းရာနေရာများသို့ ရွေ့ပြောင်းကယ်ဆယ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျေးရွာများအတွင်း ရေဝင်ရောက်မှုအနေဖြင့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်ဆုံရာနေရာများဖြစ်သည့် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာ၊ အိမ်ထောင်စု (၆၇၀) စု၊ လူဦးရေ (၂၉၁၀) ဦး၊ စက်ရုံကျေးရွာ၊ အိမ်ထောင်စု (၁၀၉) စု၊ လူဦးရေ (၄၈၇)ဦး၊ ဈေးကုန်းကျေးရွာ၊ အိမ်ထောင်စု (၃၁၈) စု၊ လူဦးရေ (၁၃၃၅) ဦး၊ လုပ်သားကွက်သစ်ကျေးရွာ၊ အိမ်ထောင်စု (၁၅၈) စု၊ လူဦးရေ (၆၆၆)ဦး၊ ကျွန်းဦးကျေးရွာ၊ အိမ်ထောင်စု (၂၉၀) စု၊ လူဦးရေ (၁၁၀၅)ဦး၊ မအူပင်ကျေးရွာ၊ အိမ်ထောင်စု (၂၂၀) စု၊ လူဦးရေ (၈၄၃)ဦး၊ သကြားစက်ကျေးရွာ၊ အိမ်ထောင်စု (၄၇၇) စု၊ လူဦးရေ (၂၀၂၅) ဦး၊ နှမ်းတောကျေးရွာ၊ အိမ်ထောင်စု (၂၃၄) စု၊ လူဦးရေ (၁၀၉၈) ဦး၊ ဇီးဖြူပင်ကျေးရွာ၊ အိမ်ထောင်စု (၈၆၄) စု၊ လူဦးရေ (၃၆၀၉) ဦး၊ သစ်ဆိမ့်ပင်ကျေးရွာ၊ အိမ်ထောင်စု (၂၅၅) စု၊ လူဦးရေ (၁၁၂၃)ဦး စုစုပေါင်း အိမ်ထောင်စု (၃၅၉၅)စုတို့မှ လူဦးရေ (၁၅၂၀၁) ဦးတို့ ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများ ရွေ့ပြောင်းဆောင်ရွက်ခြင်းနှင့် ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၊ ပေါင်းလောင်းအားကစားရုံ၊ သုခစိုးဟိုတယ်၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)