လယ်ဝေး စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း၊ အမှတ်စဥ် (၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ် (၂) တွင် ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အဖွင့်မှာစကား ပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံ၏ ပညာရေးစနစ်သစ်ဖြစ်သည့် KG+12 ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခြေခံပညာကျောင်းများ၌ မရှိမဖြစ်လိုအပ်နေသည့် ကာယပညာဆရာ၊ ဆရာမ (၄၀၀) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အခြေခံပညာဦးစီးဌာနအနေဖြင့် ကာယပညာဆရာ၊ ဆရာမပေါင်း (၈၆၂၄) ဦးမွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သတင်တန်းတက်ရောက် အောင်မြင်ခဲ့သည့် ဆရာ၊ ဆရာမ (၄၀၀) ဦးသည် အခြေ ခံပညာကျောင်းများတွင် (၇၀) ရာခိုင်နှုန်းခန့် လစ်လပ်နေသည့် ဒုတိယအလယ်တန်းပြ(ကာယ)ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို ရက်ပေါင်း (၅၀) တိတိကြိုးစားတက်ရောက်ခဲ့ကြသည့် အတွက်လည်း ကျေနပ်အားရမိပါကြောင်း၊ လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ပါဝင်မည့်အားကစားနည်းများတွင် ကျောင်းသား၊ ကျောင်းသူများ အဆင့်အတန်းမြင့်မားစွာ ယှဥ်ပြိုင်နိုင်ရန်အတွက် ယခုသင်တန်းတွင် သင်ယူလေ့လာခဲ့သည့် အားကစားနည်းစနစ်များကို စနစ်တကျသင်ကြားပြသစေလိုပါကြောင်း၊ နိုင်ငံတော်မှအားထားရတဲ့ နိုင်ငံ့သားကောင်းရတနာများ၊ လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် စသည်ဖြင့်ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ သင်တန်းတွင် အားကစားနည်း (၇) မျိုးအား နည်းပြဆရာ၊ ဆရာမ (၈၀) ဦးမှသင်ကြားပို့ချပြီး သင်တန်းသား၊ သင်တန်းသူ (၄၀၀) ဦးတက်ရောက်ကာ သင်တန်းကာလမှာ ဇူလိုင် (၂၅) ရက်မှ စက်တင်ဘာ (၁၂) ရက်ထိဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)