ရေစိုလက်တံမြောင်းမှ ရေကျအဆောက်အအုံပြန်လည်ပြုပြင်ပေးသည့်အတွက် သီးနှံမျိုးစုံ(၃၈၄)ဧက အောင်မြင်စွာစိုက်ပျိုးနိုင်ပြီဖြစ်

ကျောက်ဆည် စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့်မျိုးကောင်းမျိုးသန့်များ၊ စိုက်နည်းစနစ်များ စနစ်တကျကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနမှလည်း စိုက်ပျိုးရေများပြည့်ဝစွာပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာနှစ်တွင် ရေစိုလက်တံမြောင်းမှ ရေကျအဆောက်အအုံပြန်လည်ပြုပြင်ပေးသည့်အတွက် သီးနှံ မျိုးစုံ(၃၈၄)ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ် အရှေ့သာဂရကျေးရွာအနီး ရေစိုလက်တံမြောင်း၏ ပေတိုင်အမှတ်(၇+၅၀၀)တွင်တည်ရှိပြီး  ရေကျအဆောက်အအုံသည် နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် ရေကျအဆောက်အအုံ၏ အဝင်/အထွက်ကြမ်းခင်းနှင့် မြေကာနံရံများ ပျက်စီးနေခြင်းကြောင့်  ရေကျအဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲရေး ကုန်ကျငွေ(၂၀.၅၀၀)ကျပ်သန်း အကုန်အကျခံကာ အဆောက်အအုံ၏ အထက်ဘက် ဝဲ/ယာ R/W (၂၀)ပေ၊ အောက်ဘက် ဝဲ/ယာ R/W (၃၀)ပေ၊ အောက်ဘက် ဝဲ/ယာ လိုင်နင်(၂၅)ပေ၊ ပြုပြင်ပေးခဲ့ကြောင်း သိရသည်။    

ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေပေးဝေနေသည့် ရေကျအဆောက်အအုံများ၊ မြောင်းများ၊ ရေပြွန်များ၊ ရေတံခါးများအားဘဏ္ဍာနှစ်အလိုက် ပြုပြင်ပေးလျက်ရှိကြောင်းနှင့် ရေစိုလက်တံမြောင်းမှ ရေကျအဆောက်အအုံ  ပြန်လည်ပြုပြင်ပေးသောကြောင့် ဆည်ရေဖြင့် စိုက်ပျိုးနေသည့် ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံစိုက်ခင်းများ စိုက်ပျိုးရာတွင် သီးနှံများအောင်မြင်စွာ စိုက်ပျိုးနိုင်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)