နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန်ပြန်လည်တည်ဆောက်ပြီးစီးသည့် “ရေလယ်ဘုရားကျောင်းဆောင်”အတွင်း ကိန်းဝပ်စံပါယ်တော်မူသော “မာရဝိဇယပုံတူမြတ်စွာဘုရား”ကို ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီးနှင့် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်းတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြိုဖများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်းခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီးက ဆရာတော်၊ သံဃာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး တာဝန်ရှိသူများက ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ရှင်ဥပဂုတ္တကျောင်းဆောင်အား ဖူးမြော်ကြည်ညိုသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးရှိ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)