မူဆယ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

မူဆယ် စက်တင်ဘာလ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ဌာနဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အိမ်ထောင်ရှိ ဝန်ထမ်းများနှင့် အိမ်ထောင်မရှိ (မိသားစုအတူနေ) ဝန်ထမ်းများကို တစ်ဦးလျှင် ဆန် (၁၂)ပြည်တစ်အိတ်၊ ဆီ (၁)ပိဿာ၊ ကြက်ဥတစ်ကတ် စုစုပေါင်း တန်ဖိုးငွေ ကျပ် (၁၁၉၀၀၀/-)စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အိမ်ထောင်မရှိ(မိသားစုအတူမနေ) ဝန်ထမ်းများကို တစ်ဦးလျှင် ဆန် (၁၂)ပြည် တစ်အိတ်၊ ဆီ (၁)ပိဿာ စုစုပေါင်းတန်ဖိုးငွေ ကျပ် (၁၀၁၀၀၀/-)စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာသည့် ဌာနဆိုင်ရာများသို့ ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ဝန်ထမ်း (၂၆၇)ဦးအတွက် ထောက်ပံ့သည့်ပစ္စည်းတန်ဖိုး (၃၀၉၆၃၀၀၀/-)ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများသို့ ထောက်ပံ့ပေးအပ်သည်မှာ (၃)ကြိမ်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)