မော်လမြိုင် စက်တင်ဘာ ၁၁
မွန်ပြည်နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ စမ်းကြီးရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက်ရှိ စာအုပ်စာစောင်များထားရှိမှု၊ စာပေလေ့လာဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ စာကြည့်တိုက်အတွင်း လေဝင် လေထွက်ကောင်းမွန်မှု စာဖတ်စားပွဲနှင့် ပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှုအခြေအနေများကိုကြည့်ရှုပြီး စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေများ၊ စာကြည့်တိုက်လုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းကိစ္စများအား စာကြည့်တိုက်တာဝန်ခံက ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော စာအုပ်(၅၀)အုပ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်တို့က ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်တာဝန်ခံမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကော့ခမယ်အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူလေးများ၏ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှု၊ စာပေစကားဝိုင်းဆွေးနွေးနေမှု၊ ပန်းချီကာတွန်းရေးဆွဲနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များကို လက်ဆောင်ပေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့မှ လှူဒါန်းသော စာအုပ်(၅၀)အုပ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်တို့က ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တွေ့ဆုံ၍ သန့်ရှင်းပြီး စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများစိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး၊ စာသင်ကျောင်းများအား ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးအား အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြား၍ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်