ပေါင် စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ် သင်တန်းအမှတ်စဉ်(၂/၂၀၂၄/မွန်)ဖွင့်ပွဲအခမ်းအနားကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က မေထုန်မဲ့သားစပ်ခြင်း၏ အဓိပ္ပာယ် အကျိုးကျေးဇူးများနှင့်ဆိုးကျိုးများ၊ နွားမ၏ မျိုးပွားအင်္ဂါ၊ မြိုင်သံသရာနှင့်မြိုင်စစ်ဆေးခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ သန့်ရှင်းမှုဆိုင်ရာ ဆောင်ရွက်ရန်အချက်များကို ဂရုစိုက်မှတ်သားပြီးသင်တန်းပြီးစီးသည်အထိ တက်ရောက်ကြရန်နှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ဂျူးမြတ်ချယ်လင်းက နို့နှင့်နို့ထွက်ပစ္စည်းများသည် ယခုအခါ ကြိုက်နှစ်သက်မှုများသည့်အတွက် ပိုမိုထုတ်လုပ်နိုင်ရန် နွားမေထုန်မဲ့သားစပ်ခြင်းသည် အကျိုးကျေးဇူးများစွာရရှိကြောင်း အမှာစကားပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်က စိုက်ပျိုးရေး၊ မွေးမြူရေးသည် ကဏ္ဍအလိုက်အရေးပါသည့်အတွက် နို့နှင့်နို့ထွက်ပစ္စည်းများသည် နိုင်ငံတော်အတွက် အလွန်ပင်အရေးကြီးသည့်အတွက် ယခုတက်ရောက်ကြသည့် သင်တန်းသားများက ပူးပေါင်းဆောင်ရွက်မှသာ မွေးမြူရေးကဏ္ဍနှင့်ထုတ်လုပ်မှု ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ လိုအပ်လျှင် နိုင်ငံတော်က ချေးငွေတွေပါ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပေါင်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးလုပ်သား(CAHW)(၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)