ဟိုပုံး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ (၈) ရက်နေ့ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယနေ့နံနက် (၁)နာရီအချိန်ခန့်တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ထိုသို့ မိုးအဆက်မပျက်ရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ဟိုပုံးမြို့နယ် တောင်ရပ်ကွက်ရှိ 125 ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင် ပတ်ဝန်းကျင်၊ နွားပွဲဈေးပတ်ဝန်းကျင်ရှိ လူနေအိမ်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနရုံး၊ နမ့်ခုတ်ကျေးရွာနှင့် နမ့်ဟူးကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့ပြီး၊ အ.မ.က(၁)ကျောင်းရှေ့လမ်း၊ တုံခမ်းရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီး၊ ကုန်းကျိုင်းကျေးရွာအုပ်စု ကောင်းငင်းကျေးရွားအနီး ဟိုပုံး-ဆီဆိုင်ကားလမ်း၊ စငေါကျေးရွာအုပ်စုရှိ နမ့်ဟူး-စငေါတံတား၊ နမ့်ခုတ်ကျေးရွာအုပ်စုရှိ နမ့်ခုတ်-ဂျာမဏီလမ်း၊ ပေါင်းလင်းကျေးရွာအုပ်စု လုံမ္ဗိနီဘုန်းတော်ကြီးကျောင်း အဝင်လမ်း၊ မိုင်းပျဉ်းကျေးရွာအုပ်စုရှိ ဆောတောတံတားနှင့် လွယ်အွန့်ကျေးရွာအုပ်စုရှိ ဟိုပုံး-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး စသည့်နေရာများတွင် ရေကျော်မှုဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားလျက်ရှိရာ နေရာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)