ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံမြောက်  စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၅၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးစုရပ်သတ်မှတ်ပြီး ရပ်ကွက်တာဝန်ရှိသူများပူးပေါင်း၍ နေ့ချင်းပြီးဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး​​ဦး​ကျော်​ကျော်ဝင်းဦး​ဆောင်​သောအဖွဲ့မှ  ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် အသက် (၁၀) နှစ်ပြည့် (၈) ဦး၊ အသက် (၁၈) နှစ်ပြည့်  (၃၀) ဦးစုစု​ပေါင်း  (၃၈) ဦးနှင့် အိမ်ထောင်စု  (၄၅) စုတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ပြည်သူများအဆင်ပြေချောမွေ့စွာရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇)ရပ်ကွက်သို့ အလှည့်ကျ စုရပ်များသတ်မှတ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ