သထုံ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ (မူဆာတန်း) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသူကျောင်းသားများအားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးပြီး ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေးစသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)