ကျောက်ဆည် စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ယာမြေများနှင့် ကိုင်းကျွန်းမြေများ၌ ကာလတိုဟင်းသီးရွက်များ၊ ပန်းအမျိုးမျိုးနှင့် သီးပင်စားပင်များ စိုက်ပျိုးထားရာ တံတားလည်ကျေးရွာတွင် စိုက်ပျိုးထားသောဇွန်ပန်းပင်များ မိုးရွာသွန်းမှုကောင်းသည့်အတွက် ဖြိုင်ဖြိုင်ပွင့်၍ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဇွန်ပန်းပင်များ စိုက်ပျိုးရာတွင် နေရာင်ခြည်ကောင်းစွာရရှိစေရန်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၀)ပေအကွာ စိုပျိုးကြကြောင်း၊ ပန်းပွင့်ရာသီရောက်ခါနီးအချိန်တွင် အစိုဓာတ်မပြတ်ရေသွင်းပေးခြင်းနှင့် လိုအပ်သည့်မြေဩဇာများ ပက်ဖျန်းပေးခြင်းဖြင့် အပွင့်များပွင့်ပြီး မိုးရွာသွန်းပါက ပို၍လှိုင်လှိုင်ပွင့်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရပြီး ဇွန်ပန်းပင် (၁၀၀)ပင်စိုက်ပျိုးထားပါက မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ပြီး ပန်းပွင့်လှိုင်ချိန်တွင် တစ်ရက်ငွေကျပ် (၄)သောင်းခန့် နေ့စဉ်ဝင်ငွေရကြောင်း၊ ရောင်းချရာတွင် ပန်းအဝယ်ဒိုင်များက နေအိမ်တွင် လာရောက်ဝယ်ယူကြသဖြင့် ဇွန်ပန်းစိုက်ပျိုးသူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း ဇွန်ပန်းစိုက်ပျိုးရောင်းချသည့် ဦးအောင်မင်းက ပြောပြသည်။
တံတားလည်ကျေးရွာမှ ပြည်သူများအနေဖြင့် တောင်သူလုပ်ငန်းအပြင် နေ့စဉ်ဝင်ငွေရရှိရေး ကာလတို ဟင်းသီးဟင်းရွက်များ၊ ပန်းအမျိုးမျိုးနှင့် မွေးမြူရေးလုပ်ငန်းများလည်း တစ်ဘက်တစ်လမ်းမှ စိုက်ပျိုးရောင်းချလုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)