တံတား စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “တောသားလေးတစ်ယောက်”စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က အများပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက်၊ စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်းကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စာဖက်ဝိုင်းတွင်(Youth Club)အဖွဲ့ဝင် မဖူးပြည့်သဇင်က ဦးဆောင်ဆွေးနွေးရာတွင် စာအုပ်အကြောင်းအရာပါတစ်ခုဖြစ်သည့် “ချောက်ရေနံမြေ” အကြောင်းဆွေးနွေးရာတွင် စာပေအနုပညာရှင်များ၊ ဂီတအနုပညာရှင်များ၊ နိုင်ငံသားကောင်းစစ်သည်များစွာမွေးဖွာရာ ချောက်မြို့လေးသည် ၁၃၀၀ ပြည့် ရေနံမြေသပိတ် အစပျိုးခဲ့သော ဘူမိနက်သန်ချောက်ရေနံမြေဖြစ်ကြောင်း၊ စွန့်လွှတ်စွန့်စား နယ်ချဲ့ဆန့်ကျင်ရေး
သတ္တိပြခဲ့သော ချောက်မြို့သားများ၏မျိုးချစ်စိတ်နှင့် ဇာတိမာန်သွေးမှာ ရဲရဲနီခဲ့ကြောင်း၊ နိုင်ငံ့ကိုယ်စားပြုကောင်းကျိုးဆောင်ရွက်ခဲ့ကြကြောင်း၊ ချောက်မြို့သည် နယ်နိမိတ်အရောင်းအဝယ်မြို့ဖြင့် စည်းကားဖွံ့ဖြိုးလျက်ရှိကြောင်း၊ စာရေးသူသည် ချောက်မြို့သားဖြစ်ရခြင်းကို ဂုဏ်ယူခဲ့ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် (Youth Club)အဖွဲ့ဝင် မောင်သက်ပိုင်ကိုမှ စာအုပ်ပါအကြောင်းအရာ တစ်ခုဖြစ်သည့် “ရွှေမန်းဆီသို့”အကြောင်းဆွေးနွေးရာတွင် မန္တလေးမြို့တော်သည် မြန်မာတစ်မျိုးသားလုံး၏ ယဉ်ကျေးမှုဗဟိုဌာနဖြစ်ကြောင်း၊ စာပေ၊ ဂီတ၊ သဘင်စသောအနုပညာရှင်များ၏ အနှစ်သာရပြည့်ဝမှု၊ အထက်တန်းကျမှု၊ လူသားချင်းစာနာတက်မှု၊ ရိုင်းပင်းမှု၊ လေးစားတန်ဖိုးထားမှုစသောဂုဏ်အင်္ဂါရပ်များကြောင့် မန္တလေးမြို့ကြီးကို မြတ်နိုးတန်ဖိုးထားမိကြောင်း၊ မြန်မာဘုရင်များ၏ သမိုင်းအစဥ်အလာများဖြင့် ဂုဏ်ယူဖွယ်ကောင်းသော မင်းနေပြည်တော်ဖြစ်ကြောင်း၊ မန္တလေးမြို့၏အနှစ်သာရယဉ်ကျေးမှုများ အဓွန့်ရှည်တည်တံ့အောင် မြို့ခံပြည်သူများက စည်းလုံးညီညာစွာ ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)