ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇) ကျောင်းတွင် Grade-12 ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

ပြည်ကြီးတံခွန် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် Grade-12 ဘာသာရပ်ဆိုင်ရာဆွေး နွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ အ-ထ-က (၂၇) ကျောင်း၊ အောင်တံခွန်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်းပြဆရာ/ဆရာမများ တက်ရောက်ကြပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါက်တာအောင်သက်ဆွေက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းထွန်းက အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဘာသာရပ်ကျွမ်းကျင်သည့် ဆရာ/ဆရာမများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်းအစရှိသည့် ဘာသာရပ်(၉)ခုအား အခန်း (၉)ခန်းခွဲကာ ဦးဆောင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အထက်တန်းပြ ဆရာ/ဆရာမများက မိမိတို့ သိရှိလိုသည်များ မေးမြန်းကြရာ ဘာသာရပ် ဦးဆောင်ဆွေးနွေးကြသည့် ဆရာ/ဆရာမများက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် ဆွေးနွေးပွဲကာလမှာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခင်စောလွင်