မဟာအောင်မြေ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစီး အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်ကျောင်းများ၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ လူအများရှေ့ ရဲဝံ့စွာပြောဆိုတတ်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ဗဟုသုတများ အပြန်အလှန်ဖလှယ်ခွင့်ရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးညီဝင်းသူက ဦးဆောင်ဆွေးနွေးခဲ့ပြီး အမှတ်(၂၄)(အ.ထ.က) ကျောင်းမှ Grade-11 ကျောင်းသား မောင်ထွန်းနိုင်လင်းက ကျန်းမာရေး၊ Grade-10 ကျောင်းသား မောင်ရဲမင်းအောင်က အားကစားနှင့်အပန်းဖြေခြင်း၊ Grade-10 ကျောင်းသား မောင်ဝေလွင်ဦးက သိပ္ပံနှင့်နည်းပညာ၊ Grade-10 ကျောင်းသူ မထက်ထက်ဝင်းက ပညာရေး၊ Grade-11 ကျောင်းသူ မနန်းကျော့ကျော့အောင်က မူးယစ်ဆေးနှင့် အခြားဘေးဖြစ်စေတတ်သောအန္တရာယ်များ၊ Grade-10 ကျောင်းသူ မခွန်းဆုသစ္စာက ကျား၊ မတန်းတူညီမျှရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
၎င်းနော်က ဆွေးနွေးမှုများအပေါ် ကျောင်းသား/ကျောင်းသူများက သိလိုသည်များမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/ သူများကလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာပေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
လူငယ်စကားဝိုင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးနှင့် ဝန်ထမ်းများ၊ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့သည်။
အောင်ဇော်မင်း