ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ကဒက်ချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်

ကျိုက်ထို စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၇)ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ကဒတ်ချောင်းရေမြင့်တက်လာကာ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ အေးရိပ်ငြိမ်အရှေ့ပိုင်း၊ အေးရိပ်ငြိမ်အနောက်ပိုင်း၊ ဇေယျာရွှေပြည်ပိုင်း၊ အုတ်ဖိုပိုင်းနှင့် ဇေယျာမွန်ရပ်ကွက်၊ တိုးချဲ့ကွက်သစ် (၁၊ ၂၊ ၃၊ ၄)လမ်းရှိ မြေနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေများ၀င်ရောက်ခဲ့သည်။

နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့သဖြင့် ကော့စံနိုင်ရပ်ကွက်ရှိ အိမ်ခြေ (၃၉) အိမ်၊ အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၃၄) ဦးတို့အား ကော့စံနိုင်ရပ်ကွက် တောရဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံကယ်ဆယ်ရေးစခန်း၌လည်းကောင်း၊ ဇေယျာမွန်ရပ်ကွက်ရှိ အိမ်ခြေ(၁၃)အိမ်၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၄၅)ဦးအား ဇေယျာမွန်ရပ်ကွက်၊ တောရရွှေဂူဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံကယ်ဆယ်ရေးစခန်း၌လည်းကောင်း၊ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

အဆိုပါ နေအိမ်များအတွင်း ရေများဝင်ရောက်သည့်နေရာသို့ ကျိုက်ထိုတပ်နယ်မှ ဗိုလ်မှူးသန့်ဇော်ဝင်းနှင့်တပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ (ခေတ္တ)မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်း‌ဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ (ခေတ္တ)မြို့နယ်မီးသတ်ဦးစီးမှူး ဦး‌စောစိုးမြင့်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူ/တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)