နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ဧကပြည့်မီရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးအဖွဲ့နှင့်တွေ့ဆုံ

တပ်ကုန်း စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးရေးအတွက် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးအဖွဲ့နှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရှေ့တန်းစခန်း စိုက်ပျိုးရေးညှိနှိုင်းမှုကြီးကြပ်ရေးတာဝန်ခံများ တက်ရောက်ခဲ့သည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူရှိန်တို့က ချည်မျှင်ရှည်ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးက ချည်မျှင်ရှည်ဝါ စိုက်ဧကရာခိုင်နှုန်းပြည့်မီရေး၊ ဆီထွက်သီးနှံပိုမိုစိုက်ပျိုးရေး ရှင်းလင်းမှာကြားခဲ့ပြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ချည်မျှင်ရှည်ဝါစိုက်ပျိုးမှုအခြေအနေ၊ ရာသီဥတုမှန်ကန်ရေးအတွက် နှစ်ရှည်အပင်စိုက်ပျိုးနိုင်မှု၊ ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ဆီစက်လုပ်ငန်းရှင်များ ရာနှုန်းပြည့်လည်ပတ်နိုင်မှု၊ ပုဂ္ဂလိကပိုင်မွေးမြူရေးလုပ်ငန်း၊ ဌာနဆိုင်ရာရုံးများနှင့်ရပ်ကွက်၊ ကျေးရွာများသန့်ရှင်းသပ်ရပ်မှု၊ အထင်ကရစေတီပုထိုးများ ရောင်တော်ဖွင့်ရေးနှင့် မဟာဘုံကထိန်ပွဲတော်ကျင်းပရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် အေးချမ်းသာစံပြကျေးရွာ၊ လူထုဖွံ့ဖြိုးရေးစင်တာတွင် ကျေးရွာအုပ်စုလေးအုပ်စုမှ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ချည်မျှင်ရှည်ဝါ အချိန်မီစိုက်ပျိုးနိုင်ရေး၊ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်ရရှိရေးနှင့် အရည်အသွေးကောင်းမွန်ရေး တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးနောက် ဝါသီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် ယူရီးယားဓာတ်မြေဩဇာနှင့် ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ကံကြီးမွေးမြူရေးဇုန်၊ “ဖန်ဟွ” နွားမွေးမြူရေးခြံပိုင်ရှင် ဦးတွမ်ခင်ဝင်းနှင့်တွေ့ဆုံ၍ နို့စားနွားမွေးမြူထားရှိမှု၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်