ပုသိမ်ကြီးမြို့နယ် တဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ပုသိမ်ကြီး စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာရှိ ဦးအောင်စိုးသူ ပိုင်ဆိုင်သည့် သွပ်မိုး၊ ထရံကာ၊ မြေစိုက် လေးခန်းတွဲ လူနေအိမ်၌ အိမ်ငှားနေထိုင်သူ ဦးဇင်မောင်ထွေး အသက် ၃၄ နှစ်၊ (ဘ) ဦးပေါက်စ သည် ဓာတ်ဆီဂါလံပုံးမှ ရေသန့်ဘူးအတွင်းသို့ ဖယောင်းတိုင် မီးထွန်း၍ ဓာတ်ဆီဖလှယ်ရာမှ ဆီငွေ့နှင့် ဖယောင်းတိုင်မီး ထိတွေ့ပြီး မီးကူးစက်လောင်ရာ စက်တင်ဘာ ၁၀ ရက် ည ၇နာရီ ၁၁မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် ၁၄ ပေ  ၃၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်အိမ် လေးခန်းတွဲ လူနေအိမ်တစ်လုံး ဆုံးရှုံးမှု တစ်ဆယ့်ငါးသိန်းကျပ်၊ ဦးရဲဇော်၏ ( ၁၅ပေ  ၃၀ပေ) သွပ်မိုး၊ ကျောက်ပြားကာ၊ မြေစိုက်တစ်ထပ်၊ နှစ်ခန်းတွဲမှ (၁၅ ပေ ၁၀ပေ) တစ်ခန်း၊ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ငါးသိန်းကျပ်၊ ဆိုင်ကယ်နှစ်စီး ခန့်မှန်းဆုံးရှုံးမှု တစ်ဆယ်သိန်းကျပ်၊ အတွင်း ပစ္စည်းခန့်မှန်းဆုံးရှုံးမှု သုံးသိန်းကျပ်၊ စုစုပေါင်း (၃၃)သိန်းကျပ် ဆုံးရှုံးခဲ့သည်။

မီးလောင်မှုအား ည ၇ နာရီ ၁၃ မိနစ်အချိန်တွင် ဖုန်းသတင်းရရှိ၍ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးငြှိမ်းသတ်ယာဥ် (၈)စီး၊ ရေသယ်ယာဥ် (၅)စီး၊ အုပ်ချုပ်မှုယာဥ် (၂)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၀) ဦး၊ အရန်တပ်ဖွဲ့ဝင် (၄၀)ဦးတို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၇ နာရီ ၂၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၇ နာရီ ၂၆ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဖြစ်စဥ်နှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဇာနည်ကိုကို (ပြန်/ဆက်)