မိုင်းရယ်၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက်ပြုလုပ်

မိုင်းရယ် စက်တင်ဘာ ၁၁

မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ် ပြန်/ဆက် ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မာလာက ယနေ့ခေတ်တဟုန်ထိုးတိုးတက်ပြောင်းလဲနေသည့်ခေတ်ကြီးတွင် ကမ္ဘာနှင့်ယှဉ်၍ အမှီလိုက်နိုင်ရန်အတွက် လူငယ်များ စာများများဖတ်ရန်လိုအပ်ကြောင်း၊ တိုးတက်နေသည့် နိုင်ငံများတွင် လူငယ်များ မည်ကဲ့သို့ စာဖတ်ကြပုံ၊ လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကို မည်သို့မွေးမြူရပုံ၊  စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးမှာ များပြားလွန်းပြီး မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်ပုံနှင့် ယနေ့နည်းပညာခေတ်တွင် ဆိုရှယ်ပလက်ဖောင်းများမှ အဆိပ်တောက်ဖြစ်စေသည့် စာပေများ အလွန်ပေါများပြီး ထိုအန္တရာယ်မှ မည်သို့ရှောင်ရှားပြီး တန်ဖိုးရှိသည့်စာပေများကို မည်သို့လေ့လာဖတ်ရှုသင့်သည်များကို အကျယ်တဝင့်ဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူစုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ကြသည်။

ထို့နောက် နယ်လှည့်စာကြည့်တိုက်အဖြစ် မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုနှင့်ပုံပြင်စာအုပ်များကို ငှားရမ်းပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်/ဆက် ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)