မိတ္ထီလာ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် သတ်မှတ်လျာထားစိုက်ဧကများပြည့်မီရေး တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များ အခမဲ့ ပေးအပ်ပွဲကို ယမန် နေ့ မွန်းလွဲ ၃ နာရီ အချိန်က ပျော်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များ အခမဲ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သတ်မှတ်လျာထားစိုက်ပျိုးဧကများ ပြည့်မီရေး တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များ ပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးတို့က ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များအား ပျော်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများအား အသီးသီးပေးအပ်ခဲ့ သည်။
၂၀၂၄-၂၀၂၅ခုနှစ်တွင် သတ်မှတ်လျာထားစိုက်ပျိုးဧကများ ပြည့်မီရေး တိုင်းဒေသကြီးအစီအစဉ်ဖြင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများအား တစ်ဧကလျှင် နှစ်ပိဿာအိတ် တစ်အိတ်နှုန်းဖြင့် ဝါစိုက်ဧက ၃၀၀ အတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့ အိတ် ၃၀၀ နှင့် တစ်ဧကလျှင် ၃ ကီလိုအိတ် တစ်အိတ်နှုန်းဖြင့် နေကြာစိုက်ဧက ၅၀ အတွက် ရေဆင်း -၁ (စပ်မျိုး) နေကြာမျိုးစေ့ အိတ် ၅၀ တို့အား အခမဲ့ ပေးအပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)