ဒဂုံအရှေ့ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက ၁၃၃ရပ်ကွက်နှင့် မြို့နယ်လဝကရုံးတို့တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးကျော်ဝင်းထွန်းနှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာအချက်အလက်စိစစ်ကောက်ယူ၍ Database တွင်သိမ်းဆည်း၍ မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်နီလာကျော်