တံတားဦး စက်တင်ဘာ ၁၀
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဝမ်းစာဖူရေးနှင့် စားသုံးဆီဖူလုံရေးကို အဓိကထားစိုက်ပျိုးကြသည်အပြင် အချို့တောင်သူများက ရေတင်၍လည်းကောင်း၊ အဝီစိတွင်းတူးဖော်၍သော်လည်းကောင်း၊ မိုးကောင်းသောက်ရေဖြင့်လည်းကောင်း မီးဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များကို မိမိတို့လယ်ကန်သင်း၊ ယာမြေနှင့် မိမိတို့နေအိမ်ခြံဝန်းအတွင်း မြေလွတ်နေရာများ၌ စိုက်ပျိုးကြကြောင်းသိရသည်။
ဟင်းသီးဟင်းများထဲမှ ခဝဲသီးကို ဇွန်လဆန်းပိုင်းတွင် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း၊ ခဝဲစိုက်ပျိုးရာတွင် အလွန်လွယ်ကူပါကြောင်း၊ ခဝဲကို သုံးပေခြားပတ်လည်နှင့် ဘောင်တင်စနစ်တို့ဖြင့်လည်း စိုက်ပျိုးကြကြောင်း၊ ခဝဲကို မျိုးစေ့ချတိုက်ရိုက်စနစ်နှင့် ပျိုးထောင်စနစ်တို့ဖြင့် လည်းစိုက်ပျိုးကြကြောင်း၊ ခဝဲသည်နွယ်ယှက်နေပါကြောင်း၊ ခဝဲမစိုက်မီ သဘာဝမြေဩဇာဖြင့် မြေပြုပြင်ပေးရပါကြောင်း ခဝဲအပင်ပေါက်ပြီး တစ်လသားအရွယ်တွင် ပေါင်းမြက်ရှင်းလင်းခြင်း မြေဆွခြင်းတို့ ပြုလုပ်ပေးရပါကြောင်း သို့မှသာ အပင်များအောင်မြင်ဖြစ်ထွန်းပြီး အသီးများလှိုင်လှိုင်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ခဝဲသီးများကို အပင်သက်တမ်း (၂)လခွဲအချိန်တွင် အသီးများလှိုင်လှိုင်ထွက်ရှိပါကြောင်း၊ ခဝဲသီးဆွတ်ခူးလျှင့် တစ်ရက်ခြားပြီး နံနက်(သို့မဟုတ်) ညနေပိုင်းတွင် ခူးဆွတ်ရပါကြောင်း၊ ခဝဲသီးသည် တာရှည်ခံ၍ ခူးဆွတ်ရောင်းချပါကြောင်း ယခုအခါ ခဝဲသီးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်းဒါ့အပြင် မိုးဦးကာလတွင် စားဖိုဆောင် ဟင်းသီးဟင်းရွက်မျိုးစုံဖြစ်သည့် ခဝဲ၊ ဖရုံ၊ သခွား၊ ရုန်းပတေ၊ ချဉ်ပေါင်စသည့်တို့လည်း စိုက်ပျိုးထားပြီး ပိုလျှံပါက ပြန်လည်ရောင်းချခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း တောင်သူ ဦးဖိုးသန်း ထံမှသိရသည်။
ရဲတင့်( ပြန်/ဆက်)