မော်လမြိုင် စက်တင်ဘာ ၁၀
မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်၊ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်ရောက်သည့် ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်များ ပေးအပ်ချီးမြှင့်ကာ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)