ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြား

နေပြည်တော် စက်တင်ဘာ ၁၀

ပြည်သူ့စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်နှင့် ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်စီမံခန့်ခွဲရေးလုပ်ငန်းများ၊ စာငှားလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများအား အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြားရာ သင်တန်းနည်းပြများက စာကြည့်တိုက်သမိုင်း၊ စာကြည့်တိုက်နှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍ၊ စာစုလုပ်ငန်း၊ မှတ်ပုံတင်လုပ်ငန်း၊ ပညာရပ်ခွဲခြင်းလုပ်ငန်း၊ မျိုးတူစုပြုရာတွင် အထောက်အကူပြုသည့် အချက်များနှင့် ရည်ညွှန်းစာအုပ်အမျိုးအစားများ၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်းများ၊ စာအုပ်များ လေလွင့်ပြုန်းတီးမှု မဖြစ်စေရေး ကာကွယ်၊ ထိန်းသိမ်း၊ ပြုပြင်ရမည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို စက်တင်ဘာလ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် အခြေခံပညာကျောင်းများမှ စာကြည့်တိုက်မှူးများ စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)