မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

မြစ်သား သြဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့မအနောက် အ.မ.ကကျောင်းမှ ကျောင်းသား၊ကျောင်းသူများကို စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေဖတ်ရှုခြင်းအားဖြင့်  အသိပညာဗဟုသုတများတိုးပွားခြင်း၊ ဘဝတိုးတက်အောင်မြင်မှုရရှိလာနိုင်ပုံများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းအရာများနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်၍ ဓါတ်ပုံကျွမ်းကျင်-၂ ဒေါ်ဝါဝါမြင့်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အကြောင်းအရာများကို ဟောပြောခဲ့ပြီး   အငယ်တန်းစာရေး ဦးရဲနိုင်ဦးမှ   ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသင်းဝင်ပြီးစာအုပ်များ (အခမဲ့)လာရောက်ငှားရမ်းရန်  ဖိတ်ခေါ်ကာ လစဉ်ပြိုင်ပွဲများပြုလုပ်သည့်အခါတွင်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်း သား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)