နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ငရုတ်စိုက်ဧက တိုးချဲ့စိုက်ပျိုးလာ

နောင်တရား စက်တင်ဘာလ ၁၀

ဈေးနှုန်းတည်ငြိမ်သည့် သီးနှံများကို စိုက်ပျိုးရေးတောင်သူများက ရွေးချယ်စိုက်ပျိုးလာသည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ငရုတ်သီးနှံကို တိုးချဲစိုက်ပျိုးလာကြောင်း သိရသည်။

စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးကို ငရုတ်အစို၊ ငရုတ်အခြောက်အဖြစ် စိုက်ပျိုး၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။ ငရုတ်သီးအစိုကို မိုးရာသီတွင် အများဆုံးစိုက်ပျိုးကြပြီး ငရုတ်အခြောက်ကို ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးကြသည်။ ငရုတ်သီးကို အစို၊ အခြောက် ပုံစံနှစ်မျိုးဖြစ် ရောင်းချနိုင်သည့်အပြင် ဈေးကွက်တည်ငြိမ်မှုရှိသည့်အတွက် စိုက်ပျိုးရေးတောင်သူများက ပိုမိုစိတ်ဝင်စားကြသည်။

 “ကျွန်တော်တို့တောင်သူတွေ ဒီနှစ်ရာသီမှာ မြေဩဇာဈေးနှုန်း၊ လုပ်သားခနှင့် သီးနှံဈေးကွက် အတက်အကျမြန်နေတဲ့ ကာလမှာ ဈေးနှုန်းတည်ငြိမ်ပြီး ပြုပြင်လွယ်တဲ့ သီးနှံကို ရွေးချယ်စိုက်ပျိုးဖြစ်ကြပါတယ်၊ ပြီးခဲ့တဲ့ရာသီမှာ ကုန်စိမ်းသီးနှံတွေစိုက်ပျိုးတာ ဈေးနှုန်းမတည်ငြိမ်တဲ့အတွက် အရှုံးပေါ်ခဲ့တယ်။ ငရုတ်သီးက ယခုပေါက်ဈေးအရ ငရုတ်အစို တစ်ပိဿာ ၅၀၀၀ ကျပ်နဲ့ရောင်းနေရတယ်။ ငရုတ်အခြောက်က တစ်ပိဿာ ၁၁၀၀၀ ကျပ်ရှိပေမဲ့ ယခုရာသီမှာ အခြောက်လှန်းဖို့က မဖြစ်နိုင်လို့ ငရုတ်အစိုကိုဘဲ ရောင်းဖြစ်ပါတယ်” ဟု သစ်ပင်မဲကျေးရွာမှ ငရုတ်စိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ငရုတ်သီးကို နွေ၊ မိုး၊ ဆောင်း သုံးရာသီ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် စန္တခမ်းငရုပ်သီးအသင်းမှ ငရုတ်အခြောက်ခံစက်ရုံကို တည်ဆောက်လျက်ရှိပြီး အဆိုပါ အခြောက်ခံ စက်ရုံပြီးစီးသွားပါက ငရုတ်စိုက်ပျိုးသည့်တောင်သူများအတွက် တိကျသည့် ငရုတ်ဈေးကွက်တစ်ခုကို ပိုင်ဆိုင်နိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ နောင်တရာမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ငရုတ်အစို၊ အခြောက် စိုက်ပျိုးဧက စုစုပေါင်း (၂၀၀၀)ကျော်ရှိပြီး ယခုနှစ်တွင် ယခင်နှစ်များထက် စိုက်ပျိုးဧက (၅၀၀)ကျော် တိုးချဲ့စိုက်ပျိုးနိုင်ကြောင်း အဆိုပါ ငရုတ်စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

ခွန်အောင်(နောင်တရား)