လှည်းကူး စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (လှည်းကူး) အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က (လှည်းကူး) ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးက ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၄၆ ဦးရှိပြီး ၁၂၉၁ ဦးဝင်ရောက်ဖြေဆိုရာ ၇၂၈ ဦးဖြေဆိုအောင်မြင်ပါကြောင်း၊ ယင်းသို့ဖြေဆိုအောင်မြင်ရာတွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး ၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၀ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၈၅ ဦး စုစုပေါင်း ၁၈၂ ဦး ထွက်ပေါ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၆ ဘာသာ၊ ၅ ဘာသာဂုဏ်ထူးရှင်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆုများချီးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း ကျန်ရှိသည့်ဆုများအား ယနေ့ချီးမြှင့်ခြင်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး လှည်းကူးခရိုင်ကိုယ်စားပြုယှဥ်ပြိုင်ခဲ့ပါသော ကဗျာလွတ်အကအဖွဲ့မှ အခြေခံ “ကဗျာလွတ်” အကဖြင့်လည်းကောင်း၊ အ.ထ.က (ရဲမွန်) မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာပြည်သား” သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီးအခမ်းအနားသို့ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ (ပြန်/ဆက်)