ကျိုက်ထို စက်တင်ဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝေနှင့် စာပေချစ်သူများအသင်း(Book Club)အဖွဲ့မှ အဖွဲ့ဝင်ဦးတင်ထွေးတို့က အမှာစကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းစာ ပညာရပ်များသာမက ဗလငါးတန်နှင့် ပြည့်စုံရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန်ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(၁) မှ Grade-11 ကျောင်းသူမအိမ့်သီရိစံက အစီစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး Grade- 11 မှ မောင်သူထူးနိုင်၊ မယွန်းနေရည်၊ မသဲသစ္စာအောင်၊ မခွန်းချိုချိုတို့က လူငယ်နှင့်အထက်တန်းစားစိတ်ဓါတ်၊ လူငယ်တွေ လူရည်ချွန်လူရည်မွန်များဖြစ်စေဖို့ ၊ လူဖြစ်ကျိုးနပ်မည့်စိတ်ဓါတ်၊စိတ်မြတ်များ ၊ လူငယ်နှင့်အောင်မြင်မှု စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးလှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်