မင်းဘူးမြို့တွင် မြို့ပြနှင့် ကျေးလက်ဒေသများပါမကျန် ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်ဖွံ့ဖြိုးလျက်ရှိ

မင်းဘူး စက်တင်ဘာ ၁၀

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region One Product) ဟူသောအစီအစဉ်အရ မင်းဘူးမြို့ အမှတ် (၃) ရွာမရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် အိမ်တွင်းလက်မှုလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းများဖြစ်သော ဝါးကုန်ထုတ်လုပ်ငန်း၊ ကြိမ်ထည်၊ မြေထည်လုပ်ငန်းများ၊ ဒေသထွက်စားသောက်ကုန်လုပ်ငန်း၊ ရိုးရာအဝတ်အထည်နှင့် ရက်ကန်းလုပ်ငန်း၊ သံထည်၊ ကြေးထည်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း စသည်တို့မှ ရိုးရာခေါင်းအုံးနှင့် ဖက်တုံးလုပ်ငန်းကို မင်းဘူးမြို့ ဦးဝင်းသိန်း၏ နေအိမ်တွင် မိသားစု ရိုးရာလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကုန်ကြမ်းများကို အထည်စက်များမှထွက်သော ချည်စနှင့် လဲပင်များမှ လဲများကိုဝယ်ယူ၍ လုပ်ဆောင်ကြသည်။ ဖက်တုံးများကို ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ဟူ၍ (၄) စားခွဲ၍ ရောင်းချပြီး၊ ခေါင်းအုံးတစ်လုံးလျှင် ၁၅၀၀၊ ၂၅၀၀၊ ၃၅၀၀ စသည်ဖြင့် အကြီးအသေးအလိုက် ရောင်းချကာ မင်းဘူးမြို့မဈေးကြီးနှင့် အနီးအနားရှိ စကု၊ လေးပင်၊ ပဒါန်း၊ မင်းလှမြို့များကလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)