စဉ့်ကိုင် စက်တင်ဘာ ၁၀
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန်၊ လူအများအလယ်တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်၊ နှုတ်မှုစွမ်းရည်၊ အပြောစွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်တို့ကို ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) အလယ်တန်းပြဆရာ ဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြား၍ “လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-11(A)မှ ကျောင်းသား မောင်စစ်နိုင်ထွန်းက "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11(C) ကျောင်းသား မောင်ကြယ်စင်သန့်က "လူငယ်နှင့် မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11( C)မှကျောင်းသား မောင်ရဲရင့်သွေးက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11(C) ကျောင်းသား မောင်ဇော်မျိုးအောင်က "လူငယ်နှင့်အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11(A)မှ ကျောင်းသား မောင်ဇော်ဇော်က "လူငယ်နှင့်အချိန်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ သည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းနှင့် အလယ်တန်းပြဆရာမ ဒေါ်နွဲ့နွဲ့စန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)