နမ့်စန်တွင် ဒုတိယအကြိမ်မြောက် မြို့နယ်လုံးကျွတ် စာရေးတံမဲပွဲ (မဟာဒုတ်) ကျင်းပ

နမ့်စန်(တ) စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စာရေးတံမဲ(မဟာဒုတ်)အလှူပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ မြို့မဝိသုဒ္ဓိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက နံနက် (၇) နာရီမှ စတင်၍ စာရေးတံမဲဖောက်ခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးခဲ့ပြီး အလှူရှင်များက မိမိတို့မဲပေါက်သည့် ရဟန်းသံဃာ၊ သာမဏေများကို မိမိတို့ ရုံးဌာန၊ တပ်နှင့် နေအိမ်များသို့ ပင့်ဆောင်၍ နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္တုများကပ်လှူ၍ တရားတော်များ နာကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

စာရေးတံမဲပွဲသို့ နမ့်စန်မြို့နယ်အတွင်းရှိ ကျောင်းတိုက် (၅၅) တိုက်မှ ရဟန်း၊ သာမဏေ စုစုပေါင်း (၈၉၀) ပါး ကြွရောက်ခဲ့ကြပြီး ဌာနဆိုင်ရာရုံးများမှ (၁၂၅) ပါး၊ တပ်မိသားစုများမှ (၇၅) ပါးနှင့် မြို့ပေါ်ရပ်ကွက် (၅) ခုမှ အလှူရှင်များက အပါး (၆၉၀) အသီးသီးပင့်ဆောင် ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သူရအောင်(နမ့်စန်)