မဘိမ်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပင်ကြိမ်ရွာဟောင်းကျေးရွာတွင် နိုဝင်ဘာ ၁၃ ရက် နေ့ နံနက်ပိုင်းက ဆင်နင်း၍ သေဆုံးသွားခဲ့သူများ၏ ကျန်ရစ်သူ မိသားစု ဝင်များအား မိုးမိတ်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ပင်ကြိမ်(သစ်)ကျေးရွာ၊ ကျေးရွာ တာဝန်ခံနေအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ထောက်ပံ့ငွေများ ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မိုးမိတ်မြိုနယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲထွဋ်နိုင်တို့က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆင်နင်း၍ သေဆုံးသွားခဲ့သူများအား တစ်ဦးလျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် သေဆုံးသွားသူ(၄)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၁၂)သိန်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးရဲထွဋ်နိုင်တို့က ကျန်ရစ်သူ မိသားစုဝင်များထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)