မက်မန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စမ်းစမ်းဌေးက အမျိုးသမီးများ၏ ဘဝ ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက အမျိုးသမီးများ ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများကို ဖွင့်လှစ်ခြင်း၊ အမျိုးသမီးများအတွက် စက်ချုပ်သင်တန်းများဖွင့်လှစ်ခြင်း၊ အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အခြားအသက်မွေးဝမ်းကြောင်းပညာများကိုလည်း ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)က အမျိုးသမီးများဘက်စုံဖွံ့ဖြိုးရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်း၊ အမျိုးသမီးများ အလုပ်အကိုင်ရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဌာနများနှင့် ပေါင်းစပ်ပေးခြင်းများ ဆောင်ရွက်ခြင်းနှင့် အမျိုးသမီးငယ်များဘဝလုံခြုံရေးများကို ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများက အမျိုးသမီးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းအမျိုးသမီးများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)